This is default featured post 1 title

Shwemawkunn Magazine's

This is default featured post 2 title

ရွှေမော်ကွန်း လိုဂိုဒီဇိုင်းကို ကဗျာဆရာ ကိုသက်က မေတ္တာဖြင့် ရေးဆွဲပေးပို့လာတာပါ။

This is default featured post 3 title

blank

This is default featured post 4 title

blank

This is default featured post 5 title

blank

တစ်စစီပြန်ကောက်ခဲ့ရသော ပိုးခန်းစီးနောက်ကွယ်မှ အစိုင်အခဲများ

ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းရှင်သန်နေရသော လူ့ဘ၀အခန်းကျဉ်းလေးထဲမှ နေ့စဉ် ကြုံတွေ့ဖြတ်သန်းထိတွေ့နေရသော အကြောင်းတရားတို့အား ”ဘ၀”ဟုခေါ်ဆိုကြသည်။

လူသားဖြစ်တည်မူတစ်ခုအေက်မှာ ရှင်သန်ရင်း ရုန်းကန်နေကြရသည်။ လူခြင်းတူသော်လည်း ကြုံတွေ့ဖြတ်သန်းနေရသော အခြေအနေ၊ အနိမ့်အမြင့်ခြင်းမတူညီနိုင်ကြ။ ဖြတ်သန်းကြုံတွေ့နေရသော အကြောင်းတရားတို့ အလွန်  သတိပြုမိသော အကြောင်းတရားတို့ ရှိသလို၊ သတိမမူမိသော အရာတို့သည်လည်း များစွာရှိကြလိမ့်မည်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြုံတွေ့ဖြစ်ပျက်နေသောအကြောင်းတရား၊ သတိမမူမိသော၊မသိသေးသောအရာတို့အား စာရေးသူတို့က ကွက်ကွက်ကွင်းကွင်း ထင်မြင် သိရှိနားလည်လာစေရန် ကလောင်ဖြင့် ရေးသားဖော်ထုတ်ပေးကြသည်။

စာရေးဆရာ မောင်မောင်သိန်းလှိုင်ရေးသော ” ဘ၀သင်းကွဲ ဝေဒနာရှင် လူသားတစ်ဦးဖတ်ဖို့ တစ်စစီ ပြန်ကောက်ခဲ့ရသော ပိုးခန်းစီးနောက်ကွယ်မှ အစိုင်အခဲများ”
စာအုပ်သည်။ စာရေးသူက သူကြုံတွေ့ဖြတ်သန်းရင်း ကြုံဆုံလာခဲ့ရသော လူ့ဘ၀အခန်းကျဥိးလေးထဲမှ ဖြစ်ပျက်ခံစားနေရမူတွေအား စာဖတ်သူများ ခံစားနိုင်အောင်  အခန်းပေါင်း (၁၀)ခန်းဖွဲ့၍ ရေးသားပေးထားခြင်းဖြစ်သည်။ ယခု ထုတ်ဝေဖြန့်ချီသည့် စာအုပ်သည် စာရေးသူ၏ ရှစ်အုပ်မြောက် ကြိုးစားအားထုတ်မူဖြစ်သည်။ မကြာမီ ဖြန့်ချီသွားမည်ဖြစ်ပြီး ၀ယ်ယူ၊ဖတ်ရှုသိမ်းဆည်းထားသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

(၁) ချွေးမအလိမ္မာ၊(၂) ဥစ္စာရင်းမှန်တော့၊ (၃) မုန်းဖို့ကျတော့လွယ်လိုက်တာ၊ (၄) သတ်ရင်လည်း သေပါ့မယ်ဘုရား ထားရင်လည်း ရှင်ပါ့မယ်ဘုရား၊ (၅) ပေးနိုင်တာ အချစ်တွေ အို… အချစ်တွေ ပေးမှာပေါ့၊  (၆) ဆုတောင်းတစ်ခု၊ (၇) အရိုးကွဲတာတောင်၊ (၈) အတက်က၊ (၉ ) ပန်းချီဆရာ၊ (၁၀) ရွေးချယ်ခံလိုက်ရမှု၊ ရသ၀တ္ထုတို ဆယ်ပုဒ်အား စုစည်းတင်ပြပေးထားခြင်းဖြစ်ပြီး  လွယ်ကူစွာမမြင်တွေ့နိုင်သော ပိုးခန်းစီး နေက်ကွယ်မှ လူ့ဘ၀အခန်းကျဉ်းလေး ဆယ်ခန်းကို မြင်တွေ့ခံစားနိုင်မည်ဖြစ်ပြီး တခန်းစီမှ ရရှိလာမည့် ရသခံစားမူများအား တူညီမူမရှိအောင်လည်း စေတနာထားကြိုးစားပေးထားသည်ကို ခံစားဖတ်ရှုရမည်ဖြစ်သည်။

စာမြည်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါသည်။

”အဖေရယ် ခွင့်လွတ်ပါအဖေ။ သမီးစေတနာကို အဖေအသိဆုံးပါ။ လောကကြီးမှာ လူမိုက်တွေဟာ ဦးနှောက်မသုံးဘူး။ သေစေချင်ရင် တစ်ခါတည်း ရိုက်သတ်လိုက်တယ်။ ပညာရှိတွေက လူတစ်ယောက်ကို သေစေချင်ရင်  လူမသိ သူမသိ ရှင်းပစ်လိုက်သလိုများ သမီးဖြစ်သွားသလားမသိဘူး အမှန်တော့ သမီး အဖေ့အပေါ် စေတနာကောင်းနဲ့ ပြုစုခဲ့တာပါ။”

ချွေးမအလိမ္မာ( စာမျက်နှာ ၃၅)

”လူတွေကပြောကြတယ်။ Thank You, Thank You ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။ အဲဒီစကားဟာ စားလို့မရဘူး။ ၀မ်းနည်းပါတယ်၊ ၀မ်းနည်းပါတယ်။ Sorry ဆိုတဲ့စကားဟာ ပြန်လျော်ကြေးပေးလို့မရဘူး။ ဒီလို ပြီးစလွယ် လွယ်လွယ်ပြောနေကြတော့ အလုပ်မလုပ်ခင် စဉ်းစားပေါ့။ မပြောခင်ကလည်း စဉ်းစားပေါ့။ မှားကြမှာပါ။ လူပဲမှားတတ်တာပဲ။ အမှားကင်းတဲ့လူဆိုတာ မရှိဘူး။ ဒါပေမယ့်  ခဲဖျက်နဲ့ ဖျက်လို့မရတဲ့ အမှားမဖြစ်အောင်တော့ ကြိုးစားရမှာပေါ့”

ဥစ္စာရင်းမှန်တော့( စာ-၄၈)

”မဟုတ်ဘူး။ ကျွန်တော်ဖြစ်စဉ်တစ်ခုပဲ သဘောထားတာ။ဆရာမအနေနဲ့ ကျွန်တော့်ကို သင်းကွဲငှက်တစ်ကောင်လို မြင်ချင်မြင်မယ်။ ဒါဟာလည်းအရေးမကြီးပါဘူး။  ဘာဖြစ်လို့ ဒီစကားပြောနေရသလဲဆိုတာ ကျွန်တော်သိပြီးသားပါ။

ကျွန်တော်မှာ ဘာသာတရားမရှိဘူး။ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ မွတ်စလင်ဘာသာ အစရှိသရွေ့ပေါ့။ ဘယ်ဘာသာတရားပဲဖြစ်ဖြစ် လိုက်နာရင် လူသားတွေအတွက် ကိုယ်ကျင့်တရားကောင်းစေတာပဲ။

ဥပမာ ခရစ်ယာန်ဘာသာမှာ လူကိုဘုရားသခင်က ဖန်ဆင်းတယ်။ ဘုရားသခင်က လူကိုဖန်ဆင်းတာ။ ဂျာမန်၊ အင်္ဂလိပ်၊တရုတ်၊ ကုလား၊ ပြင်သစ်၊ မြန်မာ ဖန်ဆင်းခဲ့တာ မဟုတ်ဘူး။ ဗုဒ္ဓကလည်း ဟောပြောဖူးတယ်။  လူဆိုတာ ရုပ် နာမ်ဖြစ်စဉ်ပဲ။ ဂျာမန်၊ အင်္ဂလိပ်၊တရုတ်၊ ကုလား၊ ပြင်သစ်၊ မြန်မာ ရုပ်နာမ်ဖြစ်စဉ်လို့ မဟောပြောခဲ့ဘူး။ လူဆိုတဲ့ ဖြစ်စဉ် သဘောကိုပဲ ဟောပြောခဲ့တာ”

ဘယ်ဘာသာဖြစ်ဖြစ် ကောင်းတာချည်းပဲ။ ဘာသာတရားတစ်ခုမှာ ပြဌာန်းထားတဲ့ လူကိုယ်ကျင့်တရားဆိုတာ ရှိပြီးသားပါ။

ဒီတော့ သပိတ်အိုင်ဆရာတော်ကြီးရေးတဲ့ Buddish is Not Religious စာတန်းမှာအတိအလင်းပြောပြီးသားပဲ။ ဗုဒ္ဓဘာသာသည် ကိုးကွယ်ရမည့် ဘာသာမဟုတ်။ သံသရာမှ လွတ်ချင်ရင် ရုပ်နာမ်ဖြစ်စဉ်ကို အမှန်မြင်အောင် ကြည့်နိုင်သိနိုင်ဖို့ပေါ့။

ကျွန်တော်မကျင့်ကြံနိုင်ဘူး။ ညံ့လို့၊ ဖျင်းလို့၊ ပါရမီမပါလို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီတော့နိဗ္ဗာန်ဆိုတာ ကျွန်တော့်အတွက် အဝေးကြီးပေါ့။ ငါးပါးသီလဆိုတာကလည်း သိပ်လုံတာ မဟုတ်ဘူး။ တစ်ခုပဲ ကျွန်တော်ကျင့်တယ်။ ကိုယ်ချင်းစာတရား ဆိုတဲ့ တရားပဲ။ လူမျိုးအစွဲ၊ ဘာသာအစွဲ ကျွန်တော့်မှာ မရှိဘူး။

ဒီတော့ ဘာသာတရားတခုကို ထဲထဲဝင်ဝင် လေ့လာရင် အချို့ အနုပညာရှင်တွေ၊ စာရေးဆရာတွေက အထင်အမြင်နဲ့ရေးတော့ ပြဿနာလေးတွေ ပေါ်တာပေါ့။

ဥစ္စာရင်းမှန်တော့ (စာ - ၅၁- ၅၂)

” ပခုံးမှာ အပွင့်မရှိဘူး၊ လည်ပင်းမှာလည်း နားကြပ်မရှိဘူး၊ အိတ်ထဲမှာလည်း ပိုက်ဆံမရှိဘူး၊ လက်ထဲမှာလည်း ဖုန်းမရှိဘူး။ ဖင်အောက်မှာလည်း ကားမရှိဘူး၊ နေစရာဆိုလို့  အိမ်လည်းမရှိဘူး။

ဒီလိုလူစားမျိုးကများ ငါ့သမီးကို မှန်းရတယ်လို့

စဉ်းစားပါဦး အန်တီကြီးရယ် ကျွန်တော်ပေးနိုင်တာက အချစ်တွေပါ။

ပေးနိုင်တာက အချစ်တွေ အို… အချစ်တွေပဲ ပေးမှာပေါ့ ( စာ- ၁၀၇)

မိန်းမဆိုတာ မိန်းမပါပဲ ညီမောင်ရာ၊ သူတို့ကို ဘယ်လောက်နာကျဉ်အောင်ရိုက်ရိုက် သူတို့က မနာတတ်ဘူး။ သူတို့ရဲ့ သဘာဝအရ နာကျဉ်ခြင်းကို ခုံမင်နေသူတွေပေါ့( Pain of Pleasure) ပေါ့။ ဒါကမိန်းမ သဘာဝ၊

အရိုးကွဲတာတောင် (စာ- ၁၅၁)

နားနာဘာဝ၊ အခြားဘာဝများ၌ အဖွဲ့အစည်းအသစ်များ ထပ်မံဖွဲ့၍ သူမအားအဖွဲ့ဝင်အဖြစ် ၀င်ရန် စည်းရုံးလို၍ ၀င်ပူးသလား ကျွန်တော်မသိပါ။သိလိုက်သည်က အထက်ဆရာကြီး ကိုသန်းလှ ရေမန်းဖြင့် အပျိုကြီး ဒေါ်လုံးအား ပက်လိုက်ချိန်၌ တစ်ခါတည်း အပျိုကြီးဒေါ်လုံး ကြမ်းပြင်ပေါ်သို့ ပုံကနဲ လဲသွားတော့သည်။ ဘေးမှ ရပ်ကွက်ထဲရှိ ပရိတ်သတ်အားလုံး ဟယ်ကနဲ ဖြစ်သွားချိန်၌

အထက်က (စာ- ၁၅၅ )

ဘ၀ဆိုတာ အတွေ့အကြုံပေါ် မူတည်တာပါ။ လောကကြီးမှာ စီမံပြဌာန်းခြင်းခံလိုက်ရတဲ့ လူသုံးမျိုး သုံးစားရှိတယ်။ တစ်ချို့က အသက်အရွယ်နှင့်မမျှတဲ့ အတွေ့အကြုံကို ရလိုက်သလို၊အချို့ကတေ့ အသက်နှင့် အရွယ်မျှတတဲ့ အတွေ့အကြုံကို ရလိုက်ကြတယ်။ အချို့ကျပြန်တော့ လည်း အတွေ့အကြုံကို အသက်အရွယ်ကြီးမှနောက်ကျစွာ ရလိုက်ကြပြန်ရော။

ပန်းချီဆရာ( စာ-၁၆၅)

၂၀၁၄ခုနှစ်၊ ဧပြီလ၊ ၂၆ ရက်နေ့ ဖြန့်ချီသွားမည်ဖြစ်သည်။

စာပေမိခင်ကြီး လူထုဒေါ်အမာ ကွယ်လွန်ခြင်း (၅ )နှစ်ပြည့်



လူထုဒေါ်အမာ ဒေါ်အမာ၊ ဒေါ်ဒေါ်၊ အမေ၊ မြန်မာစာပေမိခင် ဟု နာမ်စားအမျိုးမျိုးဖြင့်ခေါ်ဝေါ်ကြသည်။ လူထုဒေါ်အမာကို စာပေချစ်သူများနှင့် စာပေအသိုင်းအ၀ိုင်းတစ်ခုလုံးမှ ချစ်ခင်လေးစားကြပြီး မသိသူမရှိ ထင်ရှားခဲ့သည်။ 

လူထုဒေါ်အမာသည် ၂ဝဝ၈ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ တွင် မန္တလေး ပြည်သူ့ဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ်ရှိပြီဖြစ်သည်။ ယနေ့ ၂၀၁၃ခုနှစ် ဧပြီလ၊ ၇ ရက်နေ့ဆိုလျင် မြန်မာစာပေမိခင်ကြီး ဆုံးပါးကွယ်လွန်ခဲ့သည့် ၅ နှစ်မြောက်ပြည့်ပြီဖြစ်သည်။ ဆရာမကြီးသည် ဂျပန်နိုင်ငံတွင် ပုံနှိပ်ထုတ်ဝေခဲ့ဖူးသော ရွှေမော်ကွန်း မဂ္ဂဇင်း တွင်လည်း အဝေးရောက်သားသမီးများသို့ ခေါင်းစဉ်ဖြင့် စဉ်ဆက်မပြတ် ဆောင်းပါးများရေးသားခဲ့ဖူးသည်။ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ စာပေကျေးဇူးကား ကြီးမားလှသည်။ 

ဆရာမကြီး ကွယ်လွန်သွားသော်လည်း ဆရာမကြီး၏ အမည်ကား မြန်မာစာပေလောကတွင် မွှေးပျံ့သင်းကြိုင်သည့် ပန်းသဇင် ကဲ့သို့ တည်ရှိနေမည်ဖြစ်သည်။ မြန်မာစာပေကို ချစ်ခင်ကြသော လူအများ၏ နှလုံးအိမ်တွင်လည်း ဆရာမကြီးသည် အစဉ်နေရာယူတည်ရှိနေမည်ဖြစ်သလို ဆရာမကြီးလူထုဒေါ်အမာ ရေးသားခဲ့သော စာပေများသည်လည်း အလျှံညီးညီးတောက်ပနေသည့် ဆီးမီးတန်ဆောင်ပမာ မြန်မာစာပေလောကတွင် တည်တံ့နေဦးမည်ဖြစ်တော့သည်။ 

အမေမာ ကောင်းသောဘုံဝမှာ အေးစက်စွာအနားယူနိုင်ပါစေအမေ 

 ကမာနီလာ

အမေ့အမွေ တာဝန်ကျေအံ့


အမေ့အပြုံး တို့နှလုံးမှာ
 ကြည်ပြာလ၀န်း အေးရိပ်စမ်းနှင့်
ပန်းပွင့်ပမာ။

 အမေ့စကား တို့ရင်ကြားမှာ
 တရားသစ္စာ ခိုင်မာသတ္တိ
 သံမဏိပမာ။

အမေ့မျက်နှာ မြင်သောခါတွင်
ပမာစမ်းရေ သောက်သုံးလေသို့
 ငွေလကြယ်သွင် အေးသန့်စင်နှင့်
 ကြည်လင်ရွှန်းကာ ဂုဏ်သိက္ခာနှင့်
 မေတ္တာမိခင် ပညာရှင်သို့
တို့ရင်တွင်းမှာ  ချမ်းမြေ့သာခဲ့
 ရှာမှရှားသည့် ငါတို့၏ စာပေမိခင်။

 မြန်မာစာပေ ကမ္ဘာ့အမွေအဖြစ်
ရှင်သန်ရစ်စေ အားသစ်ဖြည့်လောင်း
 ပင်စည်ကောင်းပမာ။

 ကမ္ဘာ့စာပေ မြန်မာ့အမွေအဖြစ်
 ရှင်သန်ရစ်စေ အားသစ်ဖြည့်လောင်း
ပင်စည်ကောင်းပမာ။

 အမေ…. ငါတို့အားလုံးရဲ့ စာပေမိခင်
 ငါတို့ချစ်ခဲ့ကြ ငါတို့လေးစားကြ
ငါတို့ရိုသေကြ။

 အမေ့အမွေ တို့တွေဆက်ခံ
ပန်းကောင်းပန်လျက် နိုင်ငံအနာဂတ်
လှစေအံ့။ ။

ရိုးဝေထက်

( ၇ ရက်၊ ဧပြီလ၊ ၂၀၀၈တွင် ကွယ်လွန်သွားခဲ့သော စာပေမိခင် လူထုဒေါ်အမာ တစ်နှစ်ပြည့် အမှတ်တရ အဖြစ် ကဗျာဆရာ ရိုးဝေထက် ရေးဖွဲ့ခဲ့တဲ့ ကဗျာဖြစ်ပြီး မဟေသီမဂ္ဂဇင်း အမှတ် ၂၉၂၊ ဧပြီလ၊ ၂၀၀၉ခုနှစ်မှာ ပုံနှိပ် ဖော်ပြခဲ့တဲ့ ကဗျာကို ပြန်လည်ကူးယူဖော်ပြသည်။

အိမ်သို့ဖိတ်ခေါ်ခြင်း























ကျွန်တော့်အိမ်က
အမြဲတံခါးဖွင့်ထားတဲ့ အိမ်ပါ။

ကိုယ်ပိုင် မကောင်းမူတွေ ဖုံးကွယ်ဖို့
တံတိုင်းခတ်စရာ မလိုပါ။

မသင်္ကာတဲ့ မျက်လုံးနဲ့
 ကောက်ကျစ်စဉ်းလဲ ဥာဏ်သုံးပြီး
ခြေပုန်းခုတ်တဲ့နေရာ မဟုတ်ပါ။

ခင်ဗျားလာလာ၊ ဘယ်သူလာလာ
ပျူငှာယဉ်ကျေး
လူသာမန်သွေးတို့ရဲ့  ဓလေ့အတိုင်း
လူကိုချစ်ခင်
 အပြစ်မတင်တတ်တဲ့ နှလုံးသားနဲ့ပါ။

အချင်းချင်း ဈေးတွက် တွက်
ပွေးကွက်ကိုဖုံးကွယ်
ဟန်ဆောင်ပြုံးနဲ့ ပြုံးရယ်တဲ့နေရာ မဟုတ်ပါ။

စင်ကြယ်သန့်ရှင်း
အပြစ်ကင်းပြီး
ဟင်းလင်းဖွင့်ထားတဲ့ အိမ်ကလေးပါ

ကြွပါ လာပါ၊ နားခိုပါ
လူစိတ်မွေး လူယဉ်ကျေးတို့ရဲ့နေရာ

တင်မိုး

ရွှေမော်ကွန်း မဂ္ဂဇင်း ၁၉၉၉၊ နိုဝင်ဘာလ၊ အမှတ် ၂၉ ထုတ်

အာဇာနည်နေ့ ဥသြသံ နှင့် အာဇာနည်နေ့ မော်ကွန်းဝင် တေးသီချင်းများ

အာဇာနည်နေ့ ဥသြသံ နှင့် အာဇာနည်နေ့ မော်ကွန်းဝင် တေးသီချင်းများ ~ by htiya

~ အာဇာနည်နေ့ ဥသြသံ နှင့် ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်ေ​နသည့် အာဇာနည်နေ့ မော်ကွန်းဝင် တေးသီချင်းများ ~

မေလှမြိုင်သီဆိုထားသည့် အလေးပြုပါသည်သီချင်း တိုက်ရိုက်နားဆင်ရန် ဒီကိုနှိပ်ပါ
အာဇာနည်နေ့ ဥသြသံ တိုက်ရိုက်နားဆင်ရန် ဒီကိုနှိပ်ပါ

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ပြီး ယနေ့ထက်တိုင် အောင်းမေ့ သတိရကာ အမှတ်တရ ကျင်းပလျက်ရှိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
* အလေးပြုပါသည် *
သီဆိုသူ - မေလှမြိုင်
ရေးစပ်သီကုံးသူ - ဂီတာတင်အုံး

(နှစ်လဌာနီ အခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ…♫ ♪ ♫ ♪ ♫♪…ယနေ့ဖြင့် သတိ တရားထားဖို့ အခြေ …♫ ♪ ♫ ♪ ♫♪…အများပြည်သူတွေ အများပြည်သူတွေ …♫ ♪ ♫ ♪ ♫♪…အာဇာနည်နေ့ကိုလေ တွေးရှုကာပဲ …♫ ♪ ♫ ♪ ♫♪…အလေးပြုပါမယ်လေ…♫ ♪ ♫ ♪ ♫♪… )၂
စနစ်အနေပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းက ဖြေသော်မပြေ …♫ ♪ ♫ ♪ ♫♪… လွမ်း ... မျက်ရည် မြေခပြီမို့ တွေးတသသ ဆွေးစမရွှင်ပေ …♫ ♪ ♫ ♪ ♫♪… ရွှေရင်ဆူ ကဲ ကြေကွဲဝမ်းနည်းရပုံတွေ ယနေ့ထက်တိုင် အခြေ မမေ့ရက်နိုင်ပါလေ…♫ ♪ ♫ ♪ ♫♪…
အာဇာနည်ခေါင်းဆောင်ကြီးတွေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
အာဇာနည်ခေါင်းဆောင်ကြီးတွေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
ကောင်းရာသုဂတိရောက်ရှိကြပြီလေ…♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
တေးကဗျာ အနုစာခွေရေးကာ တေးပြု …♫ ♪ ♫ ♪... အလေးပြုပါတယ်လေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
(အစအဆုံး ပြန်ဆို)

~ ငှက်တစ်ကောင်၏ ခြေရာ တစ်ပိုင်းတစ်စ~ “ကမာနီလာ”


သူ  ” သူ့ကိုစတင် သိရှိခဲ့တာက ၁၉၈၆ ခုနှစ်လောက်က ဖြစ်သည်။ နာရီသံတွေ ဆူညံလွန်းနေ၊ ငိုချင်ပါတယ် အချစ်ဆုံးရယ်၊ ရီ(ရယ်)ရင်  ပုလဲ ၊ ငိုရင်ရွဲ စတဲ့ ပြောင်မြောက် ထိမိတဲ့ စကားလုံးတွေ အဖွဲ့အနွဲ့တွေနဲ့ လူငယ်တွေရဲ့ နှလုံးအိမ်ကို စေစားဖမ်းယူ ညို့ငင်နိုင်ခဲ့သူ။ ထူးအိမ်သင် ဆိုတဲ့ “ သူ  ” ပါ။ အဲဒီနောက်မှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ သီချင်းခွေတွေနဲ့၊ သူရဲ့ ဂီတမှော်တွေနဲ့ ဖမ်းစားခဲ့ပြန်တယ်။


လူတွေသိပ်မသိသေးတဲ့  ငှက်ကြီး ခြေရာတချို့ကို ရေးပြချင်ပါတယ်။ ငှက်ကြီး ကနဦးခွေ ဖြစ်တဲ့ နာရီပေါ်က မျက်ရည်စက်များကို အသံသွင်းပြီး မာစတာရီးလ် အခွေအတွက် ပရိုဂျူဆာလိုက်ရှာချိန် ကုက္ကိုင်းရေကူးကန် လမ်းနားက အိမ်တအိမ်မှာ တရက် တေးရေးဆရာ ညီညီသွင် (ဝက်) တို့ အခု အယ်လ်ဆိုင်းဇီ အဖေ၊ အယ်လ်ခွန်းရီ မောင် တေးရေး လဇွန်ထွဲဝါ ( ကိုကြီး ) သူငယ်ချင်းတွေ ဆုံပြီးနားထောင်ကြတာ အဲဒီမှာတင် ရန်ကင်း ၁၂လုံးတန်းက ညီညီ့ သူငယ်ချင်း မောင်မောင်ကျော် ဆိုတဲ့ဘော်ဒါက အဲဒီခေတ်က ငွေ ၂ သောင်းကျော်နဲ့ ဝယ်လိုက်တာပါ၊ နောက် မောင်မောင်ကျော်က တခြား တယောက်ဆီ ရောင်းလိုက်ပြီ ထုတ်တော့ ဒီခွေပေါက်သွားတယ်။ ဒီခွေဟာ လက်ဖက်ရည်ဆိုင်လေးတွေမှာ သူ့ သီချင်းတွေက ပျံ့လွင့်နေသလို၊ ခေတ်တခုရဲ့ လူတွေ ရင်ဘတ်ထဲကိုလည်း သူ့ သီချင်းသံတွေက မင်းမူ စိုးမိုးနေခဲ့ ပြန်တယ်လေ။ လူငယ် ဘာသာဘာဝ လမ်းဘေး အုတ်ခုံလေးတွေနဲ့ အဆောင်တွေရှေ့မှာလည်း သူ့ သီချင်းတွေက ပျံလွင့် နေခဲ့ပြန်တယ်။ ၁၉၈၈ လူထုအရေးတော်ပုံကြီး ဖြစ်ပြီးတဲ့နောက် အမှန်တရားနဲ့ လွတ်လပ်ခြင်းတွေကို ခုံမင်နှစ်သက်တဲ့ သူတစ်ယောက် တောထဲရောက်ခဲ့တယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ ဘဝတွေနဲ့ သူအံကြိတ်ပြီး နေခဲ့တယ်၊ ကဗျာတွေရေးခဲ့သလို၊ “အရေးကြီးပြီ” ဆိုတဲ့ တော်လှန်ရေး သီချင်းတွေလည်း စပ်ဆိုခဲ့ပြန်သေးတယ်၊ အဲဒီ “အရေးကြီးပြီ” ဆိုတဲ့ သီချင်းကို ကိုမွန်းအောင်က သီဆိုခဲ့တယ်၊ ဂီတကိုင်တဲ့ သူ့လက်က ပါးစပ်တီးလုံးတွေနဲ့ သီချင်းတွေစပ်ရင်း၊ မဟူရာညဉ့် နက်နက်တွေထဲ အမေကိုလွမ်းတဲ့ စိတ်တွေနဲ့ မျက်ရည်ကျခဲ့ဖူးတယ်။ မြို့ပေါ်ပြန်တက်တဲ့ ကျောင်းသားအုပ်စုတွေထဲ သူ အမေကိုလွမ်းတဲ့ စိတ်တစ်ခုထဲနဲ့ သူ့ဇာတိ မော်လမြိုင်က သူ့ အမေရဲ့ အိမ်အိုဟောင်းလေးဆီ ကျောပိုးအိတ် တစ်လုံးလွယ်လို့်  သူပြန်သွားခဲ့တယ်။ သူ့ ရဲဘော်တွေအားလုံးက သူ့ကို ခွင့်လွတ်နားလည်မူ အပြည့်ပေးခဲ့ သလို သူကလည်း နောက်ဆုံး ထွက်သက်အချိန်ထိ ရဲဘော်တွေအပါ် သစ္စာရှိခဲ့တယ်။ အာဏပိုင်ဆိုတဲ့ လူတွေက လက်နက်အာဏာပြပြီး အနုပညာသမားတွေကို သူတို့ရဲ့ ဝါဖြန့်ချီရေး တွေအတွက် အသုံးချခဲ့ပေမယ့် ရှောင်ထွက်ခဲ့တယ်။ နောက်ပိုင်း သူ့အကြောင်းတွေ သိပ်မကြားရတော့ပေမယ့် မဂ္ဂဇင်း၊ ဂျာနယ်စာစောင်တွေမှာ တွေ့မြင်ခဲ့ရပြီး အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် ဆိုတဲ့ တေးစီးရီးတွေ ထုတ်တာနားထောင့်ခွင့် ရခဲ့တယ်။

ဘ၀ကို အနုပညာတစ်ခုတည်းနဲ့ ရိုးသားစွာ လျှောက်လှမ်းသွားခဲ့ သလို ၁၄-၈-၂၀၀၄ ခုနှစ်၊ သြဂတ်လ၊ ၁၄ ရက်မှာ သူချစ်တဲ့ မိသားစုလေးနဲ့ ချစ်တဲ့ ပရိတ်သတ်ကြီးကို ခွဲခွာသွားခဲ့တာ ဒီနေ့ဆို (၂၀၁၁ခုနှစ်၊ သြဂုတ်လ၊ ၁၄ရက်နေ့ဆိုရင် ၇ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီလေ။ သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားဟာ သူ့အတွက် မဟုတ်ခဲ့ဘူး ဒီကမ္ဘာမြေပေါ်က အားလုံးကို သူနှုတ်ဆက် ထွက်ခွာသွားခဲ့ပေမယ့် ကျန်ရစ်တဲ့ သူ့ ကဗျာတွေ၊ သူ့ သီချင်းတွေကို ချစ်တဲ့ သူ့ ပရိတ်သတ်တွေ အားလုံးက သူ့ ကိုချစ်တဲ့ သူငယ်ချင်းတွေ အားလုံးက ကျော်မြင့်လွင် (အမည်ရင်း) သျှပ်၊ ဘဲဥ၊ ငှက်ကြီး၊ ထူးအိမ်သင်ကို အချိန်ပြည့် သတိ၇နေသလို၊ သူဖန်တီးခဲ့တဲ့ ဂီတ နဲ့ ကဗျာတွေ သူ့ပုံရိပ်တွေ မြင်တိုင်း လွမ်းနေတုန်း၊ တမ်းတ သတိရနေတုန်းပါ။

ဒီနေ့ သူငယ်ချင်းတွေနဲ့ သူ့အတွက် သတိတရနဲ့  သူ့ ကဗျာတွေ ရွတ်ဆိုခဲ့ကြတယ်။ ကိုယ်ကလည်း အမေကို အရမ်းချစ်ခဲ့တဲ့ လူတစ်ယောက် အမေရဲ့ နောက်ဆုံး ထွက်သက်ငင် နေချိန်မှာ  “ သား  ” ကို တွေ့ချင်တယ်လို့ တဖွဖွပြောခဲ့ ပေမယ့်  အမေကို မတွေ့နိုင်ခဲ့ဘူး၊ ဈာပန အခမ်းအနားလေးတောင် တက်ရောက်ခွင့်မရ ခဲ့တဲ့ ဘဝမို့ “ အမေ ” ဆိုတဲ့ ကဗျာလေးကို ရွေးပြီး ရွတ်ဆိုခဲ့တယ်။

               … အမေ …
မိန်းမတကာ ထက်၌ ကျနော် လေးစားမြတ်နိုး မဆုံးသော
အနာဒိ အနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ …
အမေ …..
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ …
ကဗျာ …
ကဗျာ …
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါ .. အမေ
သားတော့ မီးလောင်နေပြီ။
သျှပ်မှူးကျော်
ငှက်” ကောင်းရာ သုဂတိလားပါစေ၊ အေးချမ်းတဲ့ ဘဝသစ်မှာ ချစ်တဲ့ အနုပညာတွေကို ဆက်လက် ဖန်တီးနိုင်ပါစေလို့ ။

ကမာနီလာ

တောင်းပန်ပါတယ်၊ ငှက်”  အမှတ်တရ ကို ရေးဖို့ မိတ်ဆွေတွေက ပြောထားကြပေမယ့်  စာရေးဖို့ အခြေအနေ မပေးတာကြောင့် လုံးဝ မရေးဖြစ်ခဲ့ဘဲ၊ သူငယ်ချင်းတွေက ငှက်” အတွက် လုပ်ဖြစ်တဲ့ အမှတ်တရ ဒီနေ့ပွဲလေးကို တက်ရောက်ရင်း  ဒီစာကို အားခြင်း ရေးပေးလိုက်ရတာမို့ အမှားပါခဲ့ရင် ခွင့်လွှတ် နားလည်ပေးပါလို့်။

Twitter Delicious Facebook Digg Stumbleupon Favorites More